အလုပ်သမား အခွင့်အရေးအတွက် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ချီတက်တောင်းဆို

ဒီကနေ့ မေလ ၁ ရက် မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအ လုပ်သမားနေ့မှာ ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားတွေစုပေါင်းပြီး ‌ရွှေ့ပြောင်းလုပ်သားအခွင့်အရေးအတွက် ဘန်ကောက်မြို့မှာ လမ်းလျှောက်ချီတက်တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာအသင်းအဖွဲ့နဲ့ သမဂ္ဂတွေဖွဲ့စည်းခွင့်၊ ကိုဗစ်ကာလနဲ့ ကိုဗစ်လွန်ကာလတွေမှာ ရွှေ့ပြောင်းလုပ်သားတိုင်းတန်းတူ ပေးသွင်းထားတဲ့ လူမှုဖူလုံရေးကြေးတွေကို ထိုင်းနိုင်ငံသားအလုပ်သမားတွေနဲ့အတူ ရွှေ့ပြောင်းလုပ်သားတွေကိုလည်းတန်းတူအခွင့်အရေးပေးဖို့ စတဲ့အချက်တွေကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနဲ့တွေ့ဆုံပြီး တောင်းဆိုစာလွှာပေးအပ်သွားမယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကဦးအောင်ကျော်ကပြောပါတယ်။
ဒါ့အပြင် နေ့စားခ ၄၉၂ ဘတ်တိုးဖို့အပါအဝင် မြန်ရွေ့ပြောင်းလုပ်သားတွေကို တန်းတူအခွင့်အရေးပေးဖို့အပါအဝင် အလုပ်သမားဆိုင်ရာ အခွင့်အရေးတွေကိုလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲကို ထိုင်းနိုင်ငံလုံးဆိုင်ရာ​သွေးစည်းညီညွတ်​ရေးသမဂ္ဂအဖွဲ့ချုပ် TLSC/SERC နဲ့အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့က ပူး​ပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ချီတက်သူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ‌အလုပ်သမားအခွင့်အရေးဆိုင်ရာတွေ ဟောပြောတာတွေလုပ်မှာဖြစ်ပြီး ထိုင်းအစိုးရအိမ်တော်ကို သွားရောက်ကြမယ်လို့ သိရပါတယ်။