Cobraစစ်ကြောင်းဆီကို တပ်မတော်သား ၂ဦး အလင်းဝင်

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခမရ(၁) သထုံမှ တပ်မတော်သား ၂ဦးဟာ CDM ပြုလုပ်ပြီး Cobraစစ်ကြောင်းကနေတဆင့် ပြည်သူ့ထံ အလင်းဝင်ခဲ့တယ်လို့ Cobraစစ်ကြောင်းက ဒီကနေ့ ဧပြီ၃၀ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
ဧပြီလ ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ တပ်မ ၄၄လက်အောက်ခံ ခမရ (၁) သထုံမှ တပ်သား မောင်ဇော်နဲ့ တပ်သား ကျော်သူစိုးတို့ဟာ Cobraကို ဆက်သွယ်ပြီး CDMလုပ်ဆောင်ကာ ခိုလှုံလာခဲ့တာပါ။
CDMလုပ်ဆောင်လာတဲ့ တပ်သား ၂ဦးအနက် တစ်ဦးဟာ MA 4 ပူးတွဲ သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် (၈)လုံး၊ ၅.၅၆ ကျည်ဆန် (၁၀၀) တောင့်ကိုပါ ယူဆောင်လာပြီး ပြည်သူ့ထံအလင်းဝင်ရောက်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ချီးမြှင့်ငွေဖြစ်တဲ့ မြန်မာငွေ ကျပ်သိန်း၆၀ကျပ်နဲ့ တပ်သား မောင်ဇော်ကို ချီးမြှင့်ငွေ ထိုင်းဘတ်ငွေ တစ်သောင်းကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက တဆင့် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
CDMလုပ်ဆောင်ပြီး ခိုလှုံလာတဲ့ တပ်မတော်သား အရာရှိစစ်သည်တွေနဲ့ မိသားစုဝင်တွေကို လုံခြုံရေးနဲ့ နေထိုင်ရေးတွေပါ Cobraစစ်ကြောင်းက စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Cobra