ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းမှာ ဧပြီလ ၃၀ရက်နေ့ မနက် ၁နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာရှိတဲ့ ရွှေဒေါင်းအထည်နဲ့စတိုးဆိုင်ခန်းအတွင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်တွေကိုပါ မီးကူးကာ နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ရတာပါ။
“ရွှေဒေါင်းအထည်ဆိုင်မှာ မီးပျက်တော့ ခြင်ကိုက်လို့ဆိုပြီး အထည်လိပ်တွေထားတဲ့နားမှာ ခြင်ဆေးခွေထွန်းထားတာ အဲ့ကနေမှ မီးလောင်တာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မီးလောင်တဲ့နေရာကို ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေက မီးသတ်ယာဉ်တွေပါ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြပြီး မနက် ၂နာရီ၁၀မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။