နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ဓာတ်ပုံ- mingalaroo
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စု နန့်စလျော်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNGက ဖော်ပြထားပါတယ်။
မနေ့က ဧပြီလ ၂၈ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ နန့်စလျော်ကျေးရွာ တောင်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ယတြာချေဖို့အတွက်ဆိုကာ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ည ခုနှစ်နာရီခွဲ ၈ နာရီလောက်မှာဖြစ်သွားတာ ဘုန်ကြီးကျောင်းထဲမှာဖြစ်သွားတာ နန်းမားကနေတော့ ဗုံးသံ ၃ ချက်လောက် ကြားလိုက်တယ်။ ဒီဟာက မလုပ်ခင်ကတည်းကနေကို သတင်းကပြန့်နေပြီ။ အဲ့မှာ ပျူစောထီးတွေက ယတြာလာချေမယ်ဆိုပြီး အခုဖြစ်တဲ့ဟာက ပျူစောထီးတွေ လုပ်ကြတာတဲ့”လို့ ဒေသခံ အမျိုးသားတစ်ဦးက KNGမှာ ဖြေကြားထားပါတယ်။
ဘုန်းကြီးအတွင်း အလှူပွဲတစ်ခုအတွက် ကျေးရွာနေပြည်သူတွေက ပြင်ဆင်နေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီး ဦးဝိမလ သက်တော် ၇၈နှစ်၊ ဦးသန်းထွန်း ၅၂နှစ်၊ ဦးအောင်ကြီး ၆၈နှစ်၊ ဦးမြကြီး ၈၃နှစ်နဲ့ မောင်ဓာတ်ဆုံ ၁၅နှစ်တို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဘုန်းကြီးကျောင်းတွေအတွင်း ဝင်ရောက်စီးနင်း ရိုက်နှက်မှုဖြစ်စဉ်တွေ များစွာရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးခွဲတိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။
Source- KNG