ကုလအတွင်းရေးမှူးချုပ်ရောက်နေချိန် ကိယက်ဗ်မြို့ကို ရုရှားက ဒုံးကျည်နဲ့ပစ်

Photo- Reuters

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ယူကရိန်းကို ရောက်ရှိနေချိန်မှာပဲ မနေ့က မြို့တော်ကိယက်ဗ်ကို ရုရှားက ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

ရုရှားရဲ့ ပစ်ခတ်မှုကြောင့် မြို့လယ်ခေါင်က အဆောက်အအုံတခုထိမှန်ခဲ့ပြီး လူ ၁၀ယောက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲသံနှစ်ကို ကြားရတယ်လို့ မြို့ခံတွေဆီက သိရပေမယ့်  အကြောင်းအရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့  Reuters သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားဘက်ကတော့ တစုံတရာ မှတ်ချက်ပေးတာ မရှိသေးပါဘူး။

လက်ရှိ ယူကရိန်းမှာ ရုရှားတပ်တွေက နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ဖို့ ဖိအားပေးနေချိန်မှာ  အမေရိကန်က ယူကရိန်းကို စစ်ဘက်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြင့်ထောက်ပံ့နေတာပါ။

မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ဖို့ မအောင်မြင်တဲ့နောက် ဧပြီလအစောပိုင်းမှာ  ရုရှားတပ်တွေ ကိယက်ဗ်အနီးကနေ ဆုတ်ခွာပြီး နိုင်ငံအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုအသစ် ပြုလုပ်နေပါတယ်။ 

အဲဒီကတည်းက မြို့တော်ကိယက်ဗ်ဟာ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လက်ခံကြိုဆိုတဲ့နေရာ ဖြစ်လာပါတယ်။

ကြာသာပတေးနေ့က ကုလအတွင်းမှူးချုပ်နဲ့ ယူကရိန်းသမ္မတ ဇေလန်စကီးတို့ တွေ့ဆုံပြီး ကိယက်ဗ်ဟာ ရုရှားရဲ့ လက်နက်ကြီးအန္တရာယ်ရှိနေသေးတဲ့အကြောင်း ဆွေးနွေးပြီး မကြာခင် ပေါက်ကွဲသံထွက်ပေါက်လာခဲ့တာပါ။

ကုလအတွင်းရေးမှူးချုပ်ဟာ  ဧပြီလ ၂၆ရက်နေ့က မော်စကိုမြို့ကို သွားပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့တွေ့ဆုံခဲ့ပြီး မနေ့ကတော့ ကိယက်ဗ်မှာ ယူကရိန်းသမ္မတ ဇေလန်စကီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။