နေပြည်တော်မှာ ဘီယာဆိုင်ထိုင်နေစဉ် အပစ်ခံရတဲ့ ဒုဗိုလ်မှူးကြီး ပြင်းထန်ဒဏ်ရာရ၊ အတူထိုင်နေတဲ့ ၃ ဦးသေ

ဓာတ်ပုံ – နေပြည်တော်လမ်းမများကိုစစ်ကောင်စီတပ် လုံခြုံရေးချထားစဥ် (ပုံဟောင်း)
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ဘီယာဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရတဲ့ အကြမ်းဖက်စစ်တပ်ဒုဗိုလ်မှူးကြီးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သူနဲ့အတူထိုင်နေတဲ့ ၃ ဦး သေဆုံးခဲ့ပါတယ်။
လယ်ဝေးမြို့နယ်ထဲက သာဝတ္ထိမြို့၊ အောင်ချမ်းသာအနီး၊ ကြာကန်ဂိတ် ရွှေနန်းတော်ဘီယာဆိုင်မှာ ထိုင်နေတဲ့ စစ်ဦးစီးမှူး (ပထမတန်း) (G-1) ဒုဗိုလ်မှူးကြီး အပါအဝင် ၇ ဦးကို ဧပြီ ၂၇ ရက် ညပိုင်းက နေပြည်တော် PDF က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး ဒု-ဗိုလ်မှူးကြီး ပြင်းထန်ဒဏ်ရာရရှိကာ တခြား ၃ ဦးလည်း ထိခိုက်မှုရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Naypyi Taw Revolution News-NRN က ဖော်ပြပါတယ်။
”မနေ့ည ၈ နာရီခွဲလောက်က ဝင်ပစ်တာ။ သူတို့က အဲ့ဒီဆိုင်ကို ခဏခဏလာတယ်။ ဒု-ဗိုလ်မှူးကြီး (G-1) က ဒဏ်ရာပြင်းထန်တယ်။ စစ်ကောင်စီတပ် ၁ ကောင်၊ ရဲ ၁ ကောင်နဲ့ အုပ်ချုပ်ရေးမှူး ၁ ယောက်သေတယ်။ တခြား ၃ ယောက်လည်း ထိခိုက်မှုရှိပါတယ်” လို့ နေပြည်တော် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြောင်း NRN က ဖော်ပြပါတယ်။
ဒုဗိုလ်မှူးကြီးဟာ လယ်ဝေးမြို့နယ်၊ သဲဖြူရွာ အခြေစိုက် အမှတ် ၆ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၆) က စစ်ဦးစီးမှူး (ပထမတန်း) (G – 1) ဖြစ်ပါတယ်။