မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချမှုကို အဟန့်အတားဖြစ်စေပြီလို့ သံအမတ်ကြီးပြော

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဆိုမူကြမ်းတစ်ခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့ရင် ဗီတိုအာ ဏာ အသုံးပြုပယ်ချမှုကို အဟန့်အတားဖြစ်သွားစေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် ၅ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ဗီတိုအာဏာသုံးစွဲမှုကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အဆိုမှုကြမ်းကို လန့်ချက်စတိုင်းနိုင်ငံက ဦးဆောင်တင်သွင်းပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကန့်ကွက်သူမရှိ မဲခွဲစရာမလိုဘဲ အတည်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး Delta News Agency က ဒီအဆိုအတည်ပြုလိုက်တာဟာ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအထောက်အကူပြုနိုင်မယ်ထင်သလဲလို့ မေးမြန်းခဲ့တဲ့အပေါ် သံအမတ်ကြီးက အဲဒီလို ပြောကြားခဲ့ပါတယ်။
‘ကျွန်တော်တို့ လုံခြုံရေးကောင်စီမှာ ဒီကိစ္စ (မြန်မာ့အရေး) ကိုဆွေးနွေးတယ်။ လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ အဆိုပြုတယ်ဆိုရင် ဘာပဲပြောပြော လွယ်လွယ်ကူကူ ဗီတိုအာဏာသုံးတဲ့ဥစ္စာက မဖြစ်ဘူးလို့မဟုတ်ပါဘူး။ သုံးနိုင်ပါတယ်။ ဒါပေမဲ့လည်း သူ (ဗီတိုအာဏာသုံးတဲ့နိုင်ငံ) သုံးရတဲ့အကြောင်းရင်း၊ သုံးရတဲ့ရည်ရွယ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကသိအောင် သုံးတဲ့လူက ပြန်ရှင်းပြရပြီ’ လို့ သံ အမတ်ကြီးက ပြောပါတယ်။
မြန်မာအကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မတရားညှင်းပန်းသတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး open debate လုပ်ဖို့ ၊အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစပြီး တောက်လျှောက်ဆိုသလို တိုက်တွန်းခဲ့ကြောင်းလည်း ဦးကျော်မိုးထွန်းကပြောပါတယ်။
‘ကျွန်တော်တို့ မြန်မာနိုင်ငံကိစ္စမှာ အကြမ်းဖက်မှုတွေကို အလွန်အကျွံဆောင်ရွက်နေတဲ့ စစ်တပ်ရဲ့ မတရားဆောင်ရွက်ချက်တွေကို ကာကွယ်ပေးတဲ့သူကတော့ ဘာပဲပြောပြော နိုင်ငံတကာအသိုင်းအဝိုင်းမှာတော့ မရှိသင့်ဘူး’ လို့ သူကပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့၊ ကုလညီလာခံ ဆုံးဖြတ်ချက်အရ လုံခြုံရေးကောင်စီမှာ ဗီတိုသုံးစွဲခွင့်ရှိတဲ့ နိုင်ငံကြီးတွေအနေနဲ့ ဗီတိုအာဏာသုံးပြီဆိုတာနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိက ၁၀ ရက်အတွင်းမှာ အဖွဲ့၀င်နိုင်ငံအားလုံးပါ၀င်တဲ့ ညီလာခံခေါ်ယူရမှာဖြစ်ပြီး ဗီတိုအာဏာနဲ့ ပယ်ချခံရတဲ့ အကြောင်းကို ညီလာခံမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်သလို ဗီတိုအာဏာ သုံးခဲ့တဲ့ နိုင်ငံကိုယ်တိုင်က ဘာကြောင့် ဗီတိုအာဏာသုံးတယ်ဆိုတာ အဖွဲ့၀င်နိုင်ငံတွေကို ရှင်းပြရမှာ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်၊ ကုလသမဂ္ဂ စတင်တည်ထောင်ပြီးနောက်ပိုင်း ဗီတိုအာဏာသုံး ပယ်ချမှု ၂၉၅ ကြိမ်ရှိခဲ့ပြီး အရင် ဆိုဗီယက်ပြည်ထောင်စု (ရုရှား) က အများဆုံး သုံးခဲ့တာပါ။