ဒီနေ့မနက်အထိ ခိုင်သင်းကြည်ခင်ပွန်း ဦးခန့်နိုင် မိသားစုနဲ့ အဆက်အသွယ်မရသေး

Photo- KhineThinKyi Facebook
ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို အကြမ်းဖက်စစ်တပ်က ဧပြီလ၂၇ရက်နေ့ ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်‌တွေက အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေက တဆင့်ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်လော်ဘီဟန်ငြိမ်းဦးက ခိုင်သင်းကြည်ရဲ့ခင်ပွန်း ဦးခန့်နိုင်ကို စစ်တပ်ဆန့်ကျင်သူဖြစ်လို့ ဖမ်းဆီးဖို့ လူမှုကွန်ယက်ကနေ လှုံ့ဆော်ခဲ့ပြီးနောက် ဧပြီလ၂၇ရက်ညပိုင်းမှာ လာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ကိုခန့်နိုင်ကို စစ်အုပ်စုတပ်သားတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်ချိန်မှာ သမီးဖြစ်သူ စံထိပ်ထားဦးရဲ့ Facebook အကောင့်ကနေ တိုက်ရိုက် Live တင်ခဲ့ပေမယ့် စစ်အုပ်စုဝင်တွေက ဖုန်းလုယူသွားခဲ့တယ်လို့ သိရပါတယ်။
မကြာသေးခင်က ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ဟာ အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ပေးတဲ့ လူမှုထူးချွန်ဆုကို လက်မခံနိုင်ဘူးလို့ လူမှုကွန် ရက်စာမျက်နှာက‌နေ တစ်ဆင့် ရေးသားခဲ့လို့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က ဆုကို ပြန်လည် ရုပ်သိမ်းခဲ့ပါသေးတယ်။
ဒီကနေ့ ဧပြီလ ၂၈ရက်နေ့ မနက် ၉နာရီကျော်အထိ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ရဲ့ သတင်းကို မိသားစုတွေ မသိရသေးဘူးလို့ သူတို့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက DNAကိုပြောပါတယ်။