မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံး ဗုံးပစ်ခံရ

ပြည်သူတွေကို လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ဖြတ်တောက်တာတွေနဲ့ မီတာခတွေ အတင်းအကြပ်ကောက်ခံတာတွေ လုပ်ဆောင်နေတဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီလောက်မှာ ၃၆လမ်း၊ ၈၅လမ်းနဲ့ ၈၆လမ်းကြားမှာရှိတဲ့ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးမှာ လုံခြုံရေးစောင့်ဆိုင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Generation Z Power – GZPအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုအပြီးမှာ ရုံးဝင်းအတွင်းကို လူနာတင်ကားတွေ ဝင်ရောက်သွားတာကို ဒေသခံအချို့က တွေ့ရှိခဲ့ရပြီး Generation Z Power – GZPကတော့ စစ်အုပ်စုက အစောင့်စစ်သား ၂ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။