ပုလောဘက် တက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊စစ်သား ၁၀ ဦးလောက် သေဆုံးနိုင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး လောက် သေဆုံးနိုင်တယ်လို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၆ ရက်နေ့ည ၈ နာရီခွဲလောက်မှာ မြိတ်ဘက်ကနေတက်လာတဲ့ စစ်ကား ၇ စီးကို ပုလောမြို့နယ်၊ ကဒဲရွာနဲ့ သင်္ကန်းတောရွာကြားအရောက် PRDF နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကား တစ်စီးမီးလောင်၊ ၃ စီး ပျက်စီးကာ ဒဏ်ရာရသူတွေလည်း များပြီး ပုလောဆေးရုံပေါ် တက်ရောက်ကုသနေကြောင်း PRDF က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မနေ့ည (၇) နာရီလောက်ကလည်း ပုလောမြို့နယ်၊ လက္ကူး ကျေးရွာရှိ Non-CDM သားဖွားဆရာမ မိသားစုရှင်ပြုပွဲကျင်းပနေချိန်၊ လက္ကူးဘုန်းကြီးကျောင်းအနီးမှာ အသံဗုံးဖောက်ခွဲကာ သတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံအနှံ့ ကျေးရွာတွေသာမက သာသနိက အဆောက်အဉီတွေပါမကျန် မီးရှို့ဖျက်ဆီးခံနေရကာ စစ်ဘေးရှောင်ဒုက္ခသည်များစွာ ရှိနေချိန်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပပြီး နိုင်ငံအရေးကိုကိုယ့်နဲ့ မသက်ဆိုင်သလို လုပ်ဆောင်နေခြင်းအပေါ် PRDF အနေနဲ့ သည်းခံနေမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။