မြောက်ဒဂုံ အားကစားကွင်းထဲက စစ်တပ်စခန်း ၄၀မမ နဲ့ ၅ကြိမ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊မြောက်ဒဂုံ မဝတလမ်းဆုံအနီး အကြမ်းဖက်စစ်တပ်တပ်စွဲထားတဲ့  အားကစားကွင်းကို ဧပြီ ၂၆ရက်နေ့ည ရနာရီကျော်က ၄၀ မမ နဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်၉မမ ကျည် ၈ ချက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အမည်မဖော်လိုသူ မြေအောက်တော်လှန်ရေးတပ်သားကပြောကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Dagon Information ကဖော်ပြပါတယ်။

‘တော်တော်အသံပြင်းတဲ့ပေါက်ကွဲမှုလို့ပြောလို့ရတယ်။တော်တော်ကျယ်တယ်။မဝတလမ်းဆုံနားမှာ ပေါက်ကွဲ တာလို့သိရတယ်။ကိုယ်နဲ့နီးလို့ပဲ အသံကျယ်ကျယ်ကြားရတာလားတော့မပြောတတ်ဘူး’လို့ မြောက်ဒဂုံ ကျောင်းလမ်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။

တိုက်ပွဲဝင်တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

‘ DC သုံးစီး ကင်းပတ်ပြီး ပြန်လာတဲ့အချိန် ကြိတ်ခဲ့တာ။ ၄၀ မမ ၃လုံးက ခွေးတွေထဲကျပြီး ကျန်၂လုံးက အနောက် အပြင်နည်းနည်းရောက်တယ်။ ကျနော်တို အားလုံးဘေးကင်းကင်း ပြန်ဆုတ်နိုင်ခဲ့တယ်ဗျ’လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောကြောင်း  Dagon Information ကဖော်ပြပါတယ်။