အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ဗိုလ်စလုံးဦးဆောင်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးစီးတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO အဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အခုလို့ ပေါင်းစည်းရတဲ့ အခြေအနေနဲ့ ပက်သက်ပြီး ဗိုလ်စလုံးက “ကျနော်တို့က ပြည်သူလူထုတွေ ဒုက္ခ ရောက်နေတာကို ပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ပြီး အပြည့်အဝ ကူညီချင်တယ်။ ကျနော်တို့မှာ ပြည့်စုံမှု မရှိပေမဲ့လည်း အခု DKBA ထဲမှာနေရင် ဗမာ(စစ်တပ်)ကို မတိုက်ရင်လည်း အပြောခံရတယ်။ စားစရာမရှိတော့ ပြည်သူလူထုတွေ၊ သူငယ်ချင်းတွေက ကျွေးရတယ်။ တိုက်ပြန်တော့လည်း အထက်ခေါင်းဆောင်တွေက ကျနော် တို့ကို နားလည်မပေးသလို စစ်တပ်ဘက်ယိမ်းတဲ့ခေါင်းဆောင်တွေကလည်း ကိုယ့်ကို ပြန်အကောက်ကြံတယ်။ အဲ့ဒါကြောင့် ကျနော် ဘက်တစ်ဖက်ကို ရှင်းရှင်းလေးပဲ နေချင်တယ်”လို့ KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
ဗိုလ်စလုံးဟာ DKBAက သူ့ရဲ့ရာထူးတာဝန်တွေကို KNDOကို အပ်နှံကြောင်းနဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဗိုလ်စလုံးနဲ့ တပ်ဖွဲ့ဝင်တွေကို KNDO ကွန်မန်ဒို တပ်ရင်းအနေနဲ့ ဖွဲ့စည်းပေးသွားမှာဖြစ်တယ်လို့ ဗိုလ်စလုံးက ဆက်လက်ပြောကြားပါတယ်။
“ကျနော်တို့ အမြဲပြောနေကြတာပဲ။ အခုချိန်က ပြန်လည်ပေါင်းစည်းပြီး ရန်သူကို တိုက်ထုတ်ရမယ့်အချိန်ဖြစ်တယ်။ ကျနော်တို့မှာ အဲ့လောက် အချိန်မရှိတော့ဘူး။ အဲ့ဒီအပေါ်မှာ သူတို့က အခြေအ နေကို နားလည်ပြီး ပြန်လာပေါင်းစည်းကြတာပေါ့။”လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက KIC သတင်းဌာနကို ဖြေကြားထားပါတယ်။
ဒါ့အပြင် DKBAက သူတို့ရဲ့ တာဝန်ရာထူး ဘက်တံဆိပ်တွေကို အပ်နှံလွှဲပြောင်းလာတဲ့အပေါ်လည်း ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီးသွားပါက အဖွဲ့ဝင်သစ်တွေကို အခမ်းအနားနဲ့ ကြိုဆိုသွားဖို့ အစီအစဉ်ရှိထားပြီး KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းကာ ဗိုလ်စလုံးကို တပ်ရင်းမှူးအဖြစ် ဦးစီးစေမယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဆက်လက်ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးချိန်မှစတင်ကာ ဗိုလ်စလုံးရဲ့ တပ်ဖွဲ့အတွင်း ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့မှ လူငယ်အချို့ စစ်ပညာလာရောက်သင်ယူနေလကြောင်း သိရပါတယ်။
Source -KIC