အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေရတဲ့ လုပ်ငန်းခွင်တွေ များလာနေပြီး အလုပ်သမားအခွင့်အရေးတောင်းသူတွေကို အလုပ်ရှင်တချို့က နိုင်ငံရေးပုဒ်မတွေနဲ့ ချောက်ချ တိုင်တန်းလို့ ဖမ်းဆီးခံရတာတွေ များလာနေတယ်လို့ သိရပါတယ်။
လတ်တလော လူထု စိတ်ဝင်စားတဲ့ Food Panda Rider တွေရဲ့ ကုမ္ပဏီအပေါ် သပိတ်မှောက်မှုမှာ ခေါင်းဆောင်တွေလို့ ကုမ္ပဏီဘက်က ယူဆတဲ့ ဝါရင့် Rider တွေကို အလုပ်ကနေ အကြောင်းပြထုတ်ပယ်ပြီး ဖမ်းဆီးဖို့ တိုင်ရမယ့် ပုဒ်မရှာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Panda Rider တစ်ဦးက ပြောဆိုပါတယ်။
‘ကုမ္ပဏီဘက်က ဒီ သူတို့ကို သပိတ်မှောက်တာမှာ ခေါင်းဆောင်လို့ ထင်သူတွေကို အလုပ်ထုတ်ဖို့ ကြံနေတယ်လို့ ကြားတယ်။ ပြီးရင် ဖမ်းခိုင်းဖို့ အကြောင်းရှာနေတယ်။ တရားစွဲဖို့ ပုဒ်မလည်း ရှာနေတယ်လို့ အကြီးပိုင်းက ကျွန်တော်နဲ့ ခင်တဲ့သူတစ်ယောက်က ပြောတယ်ဗျ’ လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း စစ်အုပ်စုနဲ့ နီးစပ်ပြီး အငြိမ်းစား စစ်အရာရှိတွေကို အလုပ်ခန့်ထားတဲ့ ခရိုနီ ဦးကျော်ဝင်းရဲ့ ရွှေသံလွင်ကုမ္ပဏီ၊ Sky-Net ရုပ်သံဘက်က ဝန်ထမ်းတချို့ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ပို့စ်တွေ လူမှုကွန်ရက်ပေါ်တင်တာကိုတိုင်ကြားခံရလို့ ဖမ်းဆီးခံရမှုတွေ ရှိတယ်လို့ Sky-Net ဝန်ထမ်းဟောင်းတချို့က ပြောပါတယ်။
‘ရုံးထဲကပဲ တိုင်တာ။ စစ်တပ် ဆန့်ကျင်တာတွေ တင်ရင် တိုင်ဖို့ လူကြီးပိုင်းတွေကို ညွှန်ကြားထားတယ်လည်း ကြားတယ်’ လို့ Sky-Net ရုပ်သံမှာ သတင်းအယ်ဒီတာအဖြစ် လုပ်ကိုင်ဖူးသူ တစ်ဦးက ပြောပါတယ်။
အထည်ချုပ် စက်ရုံတချို့မှာလည်း အလုပ်ရှင်ဘက်က အလုပ်သမား အခွင့်အရေးသက်သက် တောင်းဆိုတဲ့ အလုပ်သမားတွေကို နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးဖို့ တိုင်တန်းတာတွေ ရှိတာကြောင့် အလုပ်သမားတချို့ တိမ်းရှောင်နေရတာတွေ ရှိတယ်လို့ သိရပါတယ်။
‘တကယ်နိုင်ငံရေးမလုပ်ဘဲ၊ အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့သူတွေပေါ့။ ပြောတတ်ဆိုတတ်တဲ့ အလုပ်သမားတွေ ရှိတယ်။ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ မန်နေဂျာတွေကနေ ဘယ်သူတွေနဲ့ ပတ်သတ်ပါတယ် ဆိုပြီး သတင်းပေး ဖမ်းဆီးခိုင်းတာတွေကြားရတယ်။ တကယ်က သာမန် ရိုးရိုးသားသားလုပ်ကိုင်နေကြတာ။အခွင့်မရလို့တောင်းဆိုတာကိုအမြင်ကပ်ပုဒ်မနဲ့ဖမ်းတာ။ချောက်ချဖမ်းဆီးခိုင်း၊ ကြားနေလုပ်ငန်ခွင်အတိုင်း မဖြေရှင်းခိုင်းဘူး။ နိုင်ငံရေးပုဒ်မတပ်ပစ်တာ ဘာမှ လည်းမလုပ်ရပဲပေါ့လေ” လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
လူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စု လက်အောက် ရောက်နေလို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုဖို့ အလုပ်သမားတွေမှာ အခက်အခဲတွေ ရှိနေကြောင်း ဒါကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တချို့က အလုပ်သမားတွေ အပေါ် ခေါင်းပုံဖြတ် ဖိနှိပ်တာတွေ ပိုများလာကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။