စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ကလေးမြို့ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားကြိုတဲ့ ပျူစောထီးနဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၁၃ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲလောက်မှာ ကလေးမြို့ကနေ မင်းကင်းမြို့ဘက်ကို ဆင်းလာတဲ့ ကား ၃ စီးပါ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မင်းကင်းမြို့ကနေ အင်အား ၇၀ ခန့်ပါဝင်တဲ့ စစ်အုပ်စုက သွားရောက်ကြိုဆိုရာ သင်္ဘော-ကမ်းပြည် (ကဗျစ်) အနီးမှာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) တပ်ခွဲ (၁) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို ကမ်းပြည့်ကျေးရွာ ဇရပ်ပေါ်မှာ တင်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို မင်းကင်းမြို့ အမှတ် (၁) ဘိုးဘွားရိပ်သာတောင်ပေါ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အထိနာခဲ့တဲ့ စစ်အုပ်စုဟာ သံပေါက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။