ကန်ကြီးထောင့်မှာ တစ်သောင်းတန်အတုနဲ့ Wave Pay ငွေလွှဲသူကို ဖမ်းမိ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ တစ်သောင်းတန်ငွေအတုအချို့နဲ့ Wave Pay လာရောက်ငွေလွှဲသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စျေးဆိုင်တစ်ဆိုင်ကို လာရောက်ပြီး တစ်သောင်းကျပ်တန်ငွေစက္ကူအတုတွေနဲ့ Wave Pay ငွေလွှဲဖို့ လာတာလို့ ဆိုပါတယ်။
“သူက ရခိုင်မှာရှိတဲ့ သူ့အမျိုးကို ငွေတစ်သိန်းလွှဲမယ်ဆိုပြီးတော့ တစ်သောင်းတန်အတုတွေနဲ့ လာလွှဲတာ အဲ့မှာ ပိုက်ဆံအတုထဲမှာ ၆ ရွက်က နံပါတ်တူနေတော့ သိသွားပြီးတော့ အဖမ်းခံရတာ၊ ရဲတွေက ငွေကိုပါ လွှဲခိုင်းလိုက်ပြီး လာထုတ်တဲ့သူကိုပါ ဖမ်းထားတယ်လို့ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာလည်း ငွေစက္ကူအတုအသုံးပြုကာ စျေးမှာယူတာတွေ KBZ Pay ငွေထုတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးပါတယ်။