ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းက ဗိုလ်ကြီးတစ်ဦး ရှင်းလင်းခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းက စစ်အုပ်စုလက်အောက်ခံ ဗိုလ်ကြီးဝေဖြိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၃ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ခင်ရန်းရွာရဲစခန်းကနေ ဇနီးဖြစ်သူနဲ့ စျေးဝယ်ထွက်လာတဲ့ ဗိုလ်ကြီးဝေဖြိုးကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးဝေဖြိုးမှာ ဒဏ်ရာနဲ့ ထွက်ပြေးသွားတာကြောင့် စခန်းအနီးထိ လိုက်လံရှင်းလင်းခဲ့ရပြီး သူရဲ့ ဇနီးဖြစ်သူကိုတော့ လူသားချင်းစာနာထောက်ထားမှုတွေအရ အသက်ချမ်းသာပေးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက စခန်းအတွင်းကနေ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဗိုလ်ကြီးဝေဖြိုးရဲ့ ဆိုင်ကယ်နဲ့အတူ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်က စစ်သားနဲ့ ရဲတွေအနေနဲ့ အချိန်မှီ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ကိုလည်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထည့်သွင်းသတိပေးခဲ့ပါတယ်။