ရေလယ်ကျွန်းက သတင်းပေးလို့ နာမည်ကြီးနေသူကို ရှင်းလင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်သတင်းပေးလို့ နာမည်ကြီးနေသူကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ဒလန်ဖြစ်ကြောင်း အထောက်အထား တွေ့ရတာကြောင့် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသရှိ ဒလန်လို့နာမည်ကြီးနေတဲ့ ကျော်ထွန်းကို အကြမ်းဖက်စစ်တပ်နဲ့ မပတ်သတ်ဖို့နဲ့ သတင်းပေး မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် ဒလန်ကျော်ထွန်းဟာ လိုက်နာမှုမရှိတဲ့အပြင် တော်လှန်ရေး အင်အားစုတွေအပေါ် မောက်မာစော်ကားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဧပြီ ၂၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ YLK NEW POWER အဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေက ကျော်ထွန်းကို ဖမ်းဆီးကာ သူ့ကိုဖုန်းကို စစ်ဆေးတဲ့အပြင် နှုတ်နဲ့ စစ်မေးခဲ့ရာ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးဖြစ်ကြောင်း တွေ့ရှိခဲ့တာကြောင့် ရှင်းလင်းလိုက်တာလို့ YLK NEW POWER အဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
YLK NEW POWER အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို အရှိန်ပိုမိုမြှင့်တင်ကာ တော်လှန်တိုက်ခိုက်တော့မယ်လို့လည်း ဆိုထားပါတယ်။
ရေလယ်ကျွန်းဒေသကို ဧပြီ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ် ၈၄ လုံး၊ ရိပ်သာကျောင်းတစ်ဆောင်၊ စာကြည့်တိုက်တစ်လုံးနဲ့ ဆိုင်ကယ် အစီး (၂၀) ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ ၆ ဦး ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။