ကယားပြည်နယ် (ကရင်နီ) အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပြီး ဧပြီလ တတိယအပတ် တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNDF မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ KNDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာ၊ ဝါရီကောခူကျေးရွာ၊ ဒီးမော့မြို့နယ် ဒေါကမီးကျေး၊ ဥခူရီကျေးရွာ၊ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ် နယပ်စပ်မှာရှိတဲ့ ထားလဲကျေးရွာ၊နန်းဖဲကျေးရွားမှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်းမှာ ပြည်သူတွေရဲ့ နေအိမ် ၁၄လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈လုံးဟာ လက်နက်ကြီးတွေ ထိမှန်ပြီး ပျက်စီးခဲ့ရပါတယ်။
နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက လွိုင်ကော်မြို့ ချီကယ်ရပ်ကွက်အတွင်းမှာ အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၆ရက်နေ့မှာ ဆီးကြိုတိုက်ခိုက်ခဲ့ပြီး ထားလဲနဲ့ နန်းဖဲအကြား တိုက်ပွဲမှာ စစ်အုပ်စုက တပ်သား ၁၇ ဦးဟာ စစ်ကြောင်းကို စွန့်ခွာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။