အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းခံရ

Photo- Reuters
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပြောင်းရွေ့မှုတွေ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကနေ နယ်အကျဉ်းထောင်တွေကို ရွေ့ပြောင်းနေတာဖြစ်ပြီး ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ နီးပါးရှိပြီး အမျိုးသမီး ၁၀ ဦး အမျိုးသား ၁၀၀ ဦးပါဝင်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
“ကိုအောင်ဖုန်းမော်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဆစ်နိုင်တို့ ပါဝင်သည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ကနဦးသိရသော်လည်း အတည်မပြုနိုင်သေးပေ။” လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်းစိန်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲတွေအတိုင်း မထားဘဲ မတရားနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။