အင်ဒိုနီးရှားက တကမ္ဘာလုံးကို စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းမယ်

Photo – Reuters

ကမ္ဘာ့ထိပ်တန်းဆီအုန်းထုတ်လုပ်တဲ့ အင်ဒိုနီးရှားဟာ ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီ တင်ပို့မှု ရပ်ဆိုင်းသွားမယ်လို့ ဧပြီလ ၂၂ရက်နေ့က ထုတ်ပြန်လိုက်ပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုကို ပိုဆိုးစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

စားအုန်းဆီနဲ့ သူ့ရဲ့ ကုန်ကြမ်းပစ္စည်းတွေကို  ဟင်းချက်တာကနေစပြီး အလှကုန်ထုတ်လုပ်တဲ့အထိ အသုံးပြု ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလိုတင်ပို့မှု ရပ်ဆိုင်းလိုက်တာက တကမ္ဘာလုံးက အစားအစာ ထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ်ပိုများလာနိုင်ပါတယ်။

တကမ္ဘာလုံးမှာ အသုံးပြုတဲ့ စားအုန်းဆီအရေအတွက် ထက်ဝက်ကျော်ကို အင်ဒိုနီးရှားက တင်ပို့တာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စတင်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်လာနေတာကြောင့် ပြည်တွင်းမှာ စားနပ်ရိက္ခာထုတ်လုပ်မှု ဖူလုံဖို့ အခုလိုဆုံးဖြတ်ရတာလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။ 

စားအုန်းဆီ အဓိက ထုတ်လုပ်တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ဆီကနေ ထုတ်လုပ်မှု နည်းပါးလာချိန် အခုနှစ်အတွင်းမှာပဲ စားအုန်းဆီကြမ်းဈေးဟာလည်း စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၁၈ခုနှစ်ကတည်းက စားအုန်းဆီစိုက်ပျိုးရေး လိုင်စင်သစ်ထုတ်ပေးတာတွေကို ရပ်တန့်ခဲ့ပြီး တောပြုန်းမှုနဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သတ္တဝါတွေရဲ့စားကျက်တွေ ပျက်စီးမှုကြောင့် မကြာခဏ ပြစ်တင်ခံခဲ့ရပါတယ်။