တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုဖြတ်လာချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ ပြည်သူတစ်ဦးကို လမ်းမဖယ်လို့ဆိုကာ အကြောင်းမဲ့ ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၂၂ ရက်နေ့ ညပိုင်းမှာ ညောင်ဇင်ကျေးရွာနဲ့ ရန်တောင်ကျေးရွာအသွား လမ်းပေါ်မှာ ရန်တောင်ကျေးရွာ ဒေသခံဖြစ်သူ ကိုစိုင်းမောင် ဆိုင်ကယ်မောင်းနှင်နေစဉ် စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုက ဖြတ်သန်းလာခဲ့ပြီး ကိုစိုင်းမောင်ကို ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဖြစ်တာက သူက လမ်းအတိုင်း ဆိုင်ကယ်မောင်းနေချိန်မှာ နောက်ကနေ စကစ ကားတန်း ၄ စီးက သူအနားရောက်လာတာ။ အဲဒါကို စကစ ကားတန်းက အရင်လိုနေပုံပေါ်မယ်။ သူဆိုင်ကယ်ကို လမ်းဘေးချဖို့ ဟွန်းတီးအချက်ပေးတယ်။ သူကလဲ ရုတ်တရက်ဆိုတော့ လမ်းဘေးချမောင်းဖို့ အဆင်မပြေတဲ့ အချိန်မှာ စကစ ဘက်က ပစ်သွားတာ” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်သတင်းဌာနမှာ ဖြေကြားထားပါတယ်။
ကိုစိုင်းမောင်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ပြီးနောက် အလောင်းကို ကားပေါ်တင်ဆောင်သွားပြီး ရုပ်အလောင်းကို မိသားစုကို လက်ရှိအချိန်ထိ ပြန်လည်မပေးအပ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Source – သံလွင်တိုင်းမ်