အကြမ်းဖက်စစ်အုပ်စုက တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးလိုတဲ့ ကမ်းလှမ်းမှုဟာ ပြေလည်နိုင်ဖွယ်မရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ သူတို့ရဲ့ဝါဒဖြန့်ချီရေး သတင်းဌာနတွေကနေတဆင့် ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပြောကြားလိုက်တာပါ။
“ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ဆွေးနွေးတာက နှစ်ပေါင်း ၆၀ ကျော်ရှိပြီလေ။ ဘာမှအဖြေကောင်းမှ မထွက်တာ။ အခုလည်း ထွက်မှာမှ မဟုတ်တာ။ အခုက ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ပြေလည်ရင်လည်း NUG နဲ့ပြေလည်မှာမဟုတ်ပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက The 74 Media မှာ ဖြေကြားထားပါတယ်။
အကြမ်းဖက်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်ဟာ စစ်ရေး နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာတဲ့ ပုံစံသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောကြားပါတယ်။
“သူ့(မင်းအောင်လှိုင်) အနေနဲ့ မိန့်ခွန်းထဲမှာပါတယ်လေ။ ဒီမိုကရေစီ ဖယ်ဒရယ်တွေကို ဆွေးနွေးဖို့ပဲ ပြောနေတာ။ ကျွန်တော်တို့တိုင်းရင်းသားတွေကမှ စိတ်မဝင်စားတာ။ နောက်ကျွန်တော်တို့ ကေအိုင်အိုရဲ့ထုတ်ပြန် ကြေငြာချက်က အကြောင်းအရာတွေမှ မပါတာ”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
အကြမ်းဖက်ခေါင်းဆောင်ရဲ့ အခုလို ဖိတ်ခေါ်ချက်နဲ့ ပက်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNUက တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာဖို့ ကတိပြုမှသာ တွေ့ဆုံဆွေးနွေးဖို့တွေ လုပ်ဆောင်သွားမယ်လို့ သတင်းဌာနတွေကို ဖြေကြားထားပါတယ်။
Credit- The 74 Media