ဒီနေ့ နေပြည်တော်မှာ လုံခြုံရေးတင်းကြပ်

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အခြေစိုက်နေထိုင်တဲ့ နေပြည်တော်မှာ စစ်အုပ်စုလက်အောက်ခံ စစ်သားတွေနဲ့ရဲတွေက အခုရက်ပိုင်းအတွင်း လုံခြုံရေးတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပြေကုန်း အဝိုင်းအနီး ကျောက်မျက်ပြခန်းမှာ ၅၇ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို မင်းအောင်လှိုင် တက်ရောက်လာတာကြောင့် လုံခြုံရေးတင်းကြပ်တာဖြစ်နိုင်တယ်လို့ ကျောက်ပွဲစားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အဓိကက ဗုံးဖောက်မှာစိုးလို့နေမှာပေါ့ ကျောက်မျက် အဝင်အထွကိလည်း အရမ်းစစ်တယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။
ကျောက်မျက်ရတနာပြပွဲခန်းမတည်ရှိတဲ့ လမ်းမတွေကိုလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက သံဆူကြိုးတွေကာပြီး လုံခြုံရေးအပြည့်ယူထားကာ ကားနဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်မပြုဘူးလို့ သိရပါတယ်။
သပြေကုန်းအဝိုင်းနဲ့ လယ်ဝေးမြို့နယ်သွားတဲ့ ဟိုတယ်ဇုန်လမ်းမတစ်လျောက်မှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကားနဲ့ဆိုင်ကယ်တွေကို လမ်းမကြီးပေါ်မှာ ရပ်ခိုင်းပြီး ရှာဖွေစစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။
ဒါ့အပြင် လူစည်ကားတဲ့ ကင်မွန်းတန်းစျေးနဲ့ ပျဥ်းမနားမြို့နယ်ထဲက လမ်းမတွေမှာလည်း ကားဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။