ငွေပေးမှ မီးပေးမယ်ဆိုတဲ့စကားကိုအမြန်ပြန်ရုပ်သိမ်းဖို့ အင်းတော်PDF သတိပေ

PHOTO-Indaw Revolution
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားလျှပ်စစ်ခွဲရုံက တာဝန်ရှိသူတွေအနေနဲ့ ငွေပေးမှ လျှပ်စစ်မီးပေးမယ်ဆိုတဲ့စကားကို အမြန်ပြန်ရုပ်သိမ်းဖို့ Indaw Revolution က သတိပေးလိုက်ပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ် နဘားလျှပ်စစ်ခွဲရုံအနေနဲ့ ပြည်သူတွေအပေါ်မငဲ့ကွက်ဘဲ ပြည်သူတွေဒုက္ခရောက်အောင် ဆက်လက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေမယ်ဆိုပါက အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အသက်ကိုအာမမခံနိုင်ကြောင်းနဲ့ တစ်စုံတစ်ရာဖြစ်ခဲ့ပါက တာဝန်မယူကြောင်းလည်း သတိပေးထုတ်ပြန်ထားပါတယ်။
ကသာခရိုင်အတွင်းရှိ မော်လူး၊အင်းတော်၊ဗန်းမောက်၊ထီးချိုင့်နဲ့ ကသာ မြို့တို့အနေနဲ့ လျှပ်စစ်မီးရချင်ရင်တစ်မြို့ကို တစ်ရက် ၂၀၀၀၀ ပေးမှ တစ်ရက် ၃နာရီ မီးပေးမယ်လို့ နဘားလျှပ်စစ်ခွဲရုံဘက်က ပြောဆိုနေကြောင်းသိရတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်အပါအဝင် ကသာခရိုင်အတွင်းရှိ မြို့နယ်တစ်ချို့မှာ လျှပ်စစ်မီးမရရှိတာ ၁ပတ်ကျော်ကြာပြီဖြစ်ပြီး မီးလာရင်လည်း ၁၅မိနစ်လောက်ပဲလာကာ ပြန်ပြတ်သွားတယ်လို့သိရပါတယ်။
‘လျှပ်စစ်မီး အမြဲတမ်းပြတ်တောက်နေခြင်းမှာ ရာသီဥတုကြောင့်လည်းမဟုတ်၊ စက်ပစ္စည်းချို့ယွင်းချက်ကြောင့်လည်းမဟုတ်၊ ဓာတ်တိုင်များ ပျက်စီးခြင်းကြောင့်လည်း မဟုတ်ပါ။ ပြည်သူများကို လျှပ်စစ်မီးမပေးချင်လို့ နဘားလျှပ်စစ်ခွဲရုံမှ တမင်သက်သက် ဖြတ်တောက်နေတယ်လို့သိရပါတယ်’ဟု Indaw Revolution ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကသာမြို့၊ရပ်ကွက်၅နေပြည်သူတစ်ဦးက ကသာမြို့ပေါ်မှာ လျှပ်စစ်မီးမရှိတော့သလို မီးမလာတာလို့ ဆိုပါတယ်။
‘လူသတ်ချင်စိတ်ပေါက်အောင်ကိုမီးမလာတာပါ။ပြည်သူတွေစစ်ခွေးတွေကိုမုန်းတာလည်းမပြောနဲ့။လျှပ် စစ်မီးကိုတောင် တစ်နေ့ တစ်နာရီပြည့်အောင်မပေးနိုင်ဘူး’လို့ သူကပြောပါတယ်။