အာဖဂန်နစ္စတန်မှာ အိုင်အက်စ်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ဦးထက်မနည်းသေဆုံး

photo- AFP

အာဖဂန်နစ္စတန်နိုင်ငံက မြို့နှစ်မြို့မှာ ဧပြီလ ၂၁ရက်နေ့က ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၇ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က  ကြေညာခဲ့ပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-e-Sharif က ရှီယာဗလီဝတ်ကျောင်းမှာ နေ့ခင်းပိုင်းဝတ်ပြုဆုတောင်းနေတဲ့ လူအုပ်ထဲ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အာဏာပိုင်တွေက ပြောပါတယ်။

မွတ်ဆလင် ဥပုသ်လအတွင်း နေ့လည်ဝတ်ပြုဆုတောင်းနေကြချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ 

နောက်ထပ်ပေါက်ကွဲမှုတခုကတော့ Kunduz မြို့မှာဖြစ်ပြီး လေဆိပ်အလုပ်သမားတွေ သယ်ပို့တဲ့ ယာဉ်ကို ပစ်မှတ်ထားပြီး စက်ဘီးဗုံးထောင် တိုက်ခိုက်ခဲ့လို့  လူ ၄ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကပြောပါတယ်။ 

အမေရိကန်ကျောထောက်နောက်ခံပြုအစိုးရကို ဖြုတ်ချပြီးနောက် အာဖဂန်ကို တာလီဘန်တိုက်ခိုက်ရေး သမားတွေက ထိန်းချုပ်လိုက်တဲ့ မနှစ်ကစပြီး ဗုံးခွဲတိုက်ခိုက်မှုတွေ လျော့ကျသွားပေမယ့် အိုင်အက်စ်နဲ့ ဆွန်နီအိုင်အက်စ်အဖွဲ့ဟာ လူနည်းစု ရှီယာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။