တစ်နှစ်ကျော်ကာလ လွတ်ငြိမ်းခွင့်ရ ငါးသောင်းခွဲကျော်မှာ နိုင်ငံရေးအကျဉ်းသား၈ရာခိုင်နှုန်းသာပါ

photo- MPA

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်မှာ  နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းလောက်သာပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားစွဲခံထားရသူတွေနဲ့ ထောင်ဒဏ်ကျခံနေရသူတွေထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို စစ်အုပ်စုက လွတ်ငြိမ်း ချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ISP-Myanmar ကဆိုပါတယ်။

လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးလောက် သာ ပါဝင်ပြီး စုစုပေါင်း လွတ်ငြိမ်းခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

 ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဉ်းကျခံနေရသူတွေဖြစ်တာကြောင့် စစ်အုပ်စုရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူးဆိုတာ သိသာတယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနစ ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး နဲ့၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတစ်ဝန်း ဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၃,၂၉၃ ဦးရှိပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတ်နဲ့ ဧပြီလတွေမှာ အဖမ်းအဆီးအများဆုံးရှိခဲ့ပြီး တော့ ၂၀၂၂ ခုနှစ်မှာလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။