ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်အုပ်စုစစ်ကြောင်း မိုင်းထိပြီး ၆ဦးသေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို Eagles Army-HPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၆ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၁ရက်နေ့မှာ တုံလုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မိုးပြာဆိုဒ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
မိုင်းထိမှန်ပြီးနောက် စစ်အုပ်စုဟာ သေဆုံးသွားတဲ့အလောင်းတွေကို ကောက်ယူပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပြီး သာလွန် လက်နက်အင်အား လူအင်အားတွေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးမီးရှို့ကာ အဖိုးတန်ပစ္စည်းတွေ လုယက်မှုတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။