ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ ခရမ်းဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။
‘ချောင်းကရေနက်ပါတယ်။ မြေတူးစက်တွေနဲ့ တူးထားတာသိပ်မကြာသေးပါဘူး။ကားကဆယ်ပြီးပါပြီ။လက် ရှိမှာ ရေထဲကျသွားတဲ့ သေနတ်တွေလိုက်ရှာနေတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါ တယ်။
ဒဏ်ရာရစစ်သားတွေကို ဒီနေ့မနက်၁၀နာရီလောက်က ရန်ကုန်ကို ဆေးရုံကားနဲ့ ပို့လိုက်တယ်လို့သိရပါ တယ်။
အဲဒီစစ်ကားဟာ ကမာကလူရွာလမ်းမထိပ်ကနေ စစ်ဆေးပြီးအပြန် ကမာကလူကျောက်တံတားအရောက် ချောင်းထဲထိုးကျခဲ့တာပါ။