စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းချောင်းရွာအနီး ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခွဲလောက်မှာ နောင်ကြီးအိုင်ရဲစခန်းဘက်ကလာတဲ့ အကြမ်းဖက်စစ်တပ်၊ ခြေလျင်စစ်ကြောင်း အင်အား (၇၀) လောက်နဲ့ ဒေသခံ တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
‘ပြည်သူတွေရဲ့ သတင်းပေးပို့ချက်တွေအရ စစ်ခွေးတွေရဲ့ခြေလှမ်းတွေကို ကျွန်တော်တို့ ကြိုသိရတယ်။ ပြီးတော့ နယ်မြေကျွမ်းကျင်မှုအရ ဘယ်နေရာကနေ စောင့်ပစ်ရမလဲဆိုတာလည်း သိတယ်။ အဲဒီအားသာချက် ၂ ရပ်နဲ့ ကျွန်တော်တို့ အသာစီးယူနိုင်ခဲ့တာ’ လို့ အရာတော်ပြောက်ကျား ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီ တိုက်ပွဲကို အရာတော် ပကဖ၊ နယ်မြေခံမဟာမိတ်အင်အားစု၊ ရွှေဘို ပကဖနဲ့ ဒီပဲယင်း ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ကြပြီး တော်လှန်ရေး ရဲဘော်တွေ တစ်ဦးမှ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်တပ်ဆီက ကျန်ရစ်ခဲ့တဲ့ ကျည်မဂ္ဂဇင်းဘောက်တခုနဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သင်္ကြန်မတိုင်မီ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တွေကို အပြုတ်တိုက်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ ဒီနေ့ထိတိုင် PDF တွေမပြုတ်ဘဲ စစ်တပ်သာ ပြုတ်ပြုတ်ပြုန်းနေတယ်လို့ အရာတော် ပြောက်ကျားရဲဘော်က ထပ်ပြောပါတယ်။