မြင်းမူမြို့ရှောင်လမ်းပေါ် မိုင်းဆွဲခံရ၊ ကားတစ်စီးပျက်ပြီး စစ်သား ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှောင်လမ်းပေါ် ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကား ၅ စီးဟာ မြင်းမူမြို့ရှောင်လမ်းအရောက် People’s Army to Fight Dictatorship (PAFD)၊ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ Saging Underground Force တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PAFD က ထုတ်ပြန်ပါတယ်။
မြင်းမူမြို့၊ မင်းရဲကျော်စွာ ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
‘အသံ တော်တော်ကြားရတယ်။ ပြီးတော့ ကားတွေ အားကုန်မောင်းသံထပ်ကြားရတယ်။ ကျွန်မတို့အတွေ့အကြုံအရ စစ်ခွေးတွေထိပြီဆိုတာ သိရတယ်။ သေတယ်လို့ကြားပေမဲ့ သွားမကြည့်ရဲလို့ အချင်းချင်းလက်တို့မေးနေကြတယ်’ လို့ သူကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။