ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့နဲ့ ပျားစခန်းကျေးရွာအကြား ၁၁ မိုင်ကုန်းအနီးမှာ ခြေလျင်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Taw Oo Karen News က သတင်းဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့ မနက် ၆ နာရီ ၃၀ မိနစ်ခန့်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို KNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီမနက် ၆ နာရီခွဲလောက်က အသံအကျယ်ကြီး ၂ ချက်ကြားရတယ် သံတောင်မြို့လမ်း အမှိုက်ပစ် နေရာအောက်ကထင်ပါတယ် ပြီးတော့မကြာဘူး မြို့ဝင်ဂိတ်ကို စကစက ပိတ်ထားတယ် သူတို့ကလာသမျှ လူတွေကိုစစ်ဆေးတာပါ နောက်မှအသိတစ်ယောက်က စစ်တပ်နှစ်ဦးမိုင်းဆွဲခံရလို့သေသွားပြီတဲ့ “လို့ ဒေသခံတစ်ဦးက Taw Oo Karen News မှာ ဖြေကြားထားပါတယ်။
မိုင်းပေါက်ကွဲချိန် စစ်အုပ်စုအကြား ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာတဲ့ ပြည်သူ တစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။