လေတပ်အုပ်မှူးတစ်ဦးရဲ့ တစ်ပတ်တာ ဆီခိုးလို့ရတဲ့ဝင်ငွေ ကျပ်သိန်း ၈၀ ကျော်အထိရှိ

ခြေလျင်တပ်ရင်းမှူးနဲ့ အဆင့်တူတဲ့ လေတပ်အုပ်မှူးတစ်ဦးရဲ့ တစ်ပတ်တာ ဆီးခိုးလို့ရတဲ့ဝင်ငွေဟာ ကျပ်သိန်း ၆၀ ကနေ ၈၃ သိန်းကြားအထိ ရှိတယ်လို့ သိရပါတယ်။
လေတပ် CDM ပြည်သူ့စစ်သားတွေက ‘လေတပ်မှ အရာရှိများ ပြည်သူ့ဘက်ရပ်တည်ရန် ဘာကြောင့်နှောင့်နှေးနေရသလဲ’ ခေါင်းစဉ်နဲ့ ပြည်သူ့ပန်းတိုင်ဖေ့စ်ဘွတ်ခ်မှာ ရေးသားရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
တိုက်ခိုက်ရေး ဂျက်လေယာဉ်အုပ်တွေက တစ်ပတ်တာ ဆီခိုးပြီးရတဲ့ ခွဲတမ်းရရှိမှုအခြေအနေမှာ အုပ်မှူး – ၆၀ သိန်းမှ ၈၃ သိန်းကြား၊ ဒုတိယအုပ်မှူး – ၂၀ သိန်းမှ ၃၃ သိန်းကြား ၊အုပ်ခွဲမှူး – ၁၀ သိန်းမှ ၁၆ သိန်းကြား၊ ဝါရင့်လေသူရဲ – ၅ သိန်းမှ ၁၀ သိန်းကြား၊ အုပ်စက်မှုလက်မှုအရာရှိ – ၅ သိန်းမှ ၁၀ သိန်းကြားနဲ့ အုပ်အရာခံဗိုလ် – ၂ သိန်းမှ ၃ သိန်းကြားရှိတယ်လို့ဆိုပါတယ်။
ရဟတ်ယာဉ် အုပ်တွေက တစ်ပတ်တာ ဆီခိုးပြီးရတဲ့ ခွဲတမ်းရရှိမှုအခြေအနေမှာ အုပ်မှူး – ၃၀ သိန်းမှ ၄၀ သိန်းကြား၊ဒုတိယအုပ်မှူး – ၁၀ သိန်းမှ ၁၆ သိန်း၊အုပ်ခွဲမှူး – ၅ သိန်းမှ ၈ သိန်းကြား၊ ဝါရင့်လေသူရဲ – ၃ သိန်းမှ ၅ သိန်းကြား၊ အုပ်စက်မှုလက်မှုအရာရှိ – ၃ သိန်းမှ ၅ သိန်းကြားနဲ့ အုပ်အရာခံဗိုလ် – တစ်သိန်းမှ တစ်သိန်းခွဲကြားရကြတဲ့အပြင်အရာရှိ စစ်သည် အဆင့်အလိုက် အပတ်စဉ်ကြေး သပ်သပ် ရရှိသေးတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အငြိမ်းစား အရာရှိတစ်ဦးက ‘ကိုယ်တွေတုန်းက စစ်တပ်မှာ အဂတိလိုက်စားတယ်ဆိုတာ မကြားခဲ့ဘူး သလောက် ၁၉၈၈ နောက်ပိုင်းစစ်တပ်ဆိုတာက လေတပ်မှမဟုတ်ဘူး။ ခြေလျင်တပ်တွေလည်း ဘယ်လိုဂွင်ဖန်ရမလဲပဲချောင်းနေတော့တာ။ အခုပြောတဲ့ လေတပ်ဆီခွဲတမ်းဆိုတာကတော့ တကယ်ရှိနေတာ တော်တော်ကြာပြီ’ လို့ ပြောပါတယ်။
အခုလိုအချိန်မျိုးမှာ လေတပ်ဟာ ပိုမိုငွေရွှင်ပြီး ရှေ့တန်းကို ထောက်ပို့လိုက်ရတဲ့ ရဟတ်ယာဉ်တွေဟာ လေပေါ်မတက်ခင်မြေပြင်မှာတင် ထောက်ပို့တပ်နဲ့ပေါင်းပြီး ဆီကြိုတင်ရောင်းချကာ ခွဲတမ်းရယူလေ့ရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်မှာ ဖော်ပြပါတယ်။