စက်သုံးဆီ ပြဿနာကြောင့် ရန်ကုန် တက္ကစီ အများစု ရပ်နားရဖွယ်ရှိ

စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်နေတဲ့အပြင် ဆီဖြည့်ဖို့ နာရီနဲ့ချီ တန်းစီနေရတာတွေ​ ဆက်တိုက်ဖြစ်လာရင် ရန်ကုန်က Taxi အငှားယာဉ်တွေ ရပ်နားရဖို့ ဖြစ်လာနိုင်တယ်လို့ အငှားယာဉ်မောင်းတွေက ပြောကြပါတယ်။
မနေ့က စက်သုံးဆီ ပြတ်မယ်ဆိုတဲ့ ဂယက်ကြောင့် ရန်ကုန်အပါအဝင် ဒေသအတော်များများက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ အလုအယက် တန်းစီဝယ်ယူတာတွေ ဖြစ်ခဲ့ပါတယ်။ စျေးနှုန်းကလည်း အဆမတန်မြင့်တက်နေတဲ့အပြင် နာရီနဲ့ချီ စောင့်ဆိုင်းပြီးမှ စက်သုံးဆီဖြည့်နိုင်မယ့် အခြေအနေတွေ နေ့စဉ်ရက်ဆက် ဖြစ်လာရင်တော့ တက္ကစီယာဉ်မောင်းတွေ အနေနဲ့ ကားဆက်ဆွဲဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
‘ဆီစျေးက ၂၀၀၀ ကျော်လို့ မကိုက်တော့တာ ကြာပြီ။ ဒီနေ့လို ဆီတစ်ခါဖြည့်ဖို့ နှစ်နာရီလောက်စောင့်နေရရင်တော့ ကျွန်တော် ကားရပ်ထားမှ ရတော့မယ်’ လို့ သုဝဏ္ဏက အငှားယာဉ်မောင်း ကိုမျိုးမင်းက ပြောပါတယ်။
စက်သုံးဆီစျေးမှာ မနေ့က တစ်ရက်အတွင်း တစ်လီတာ ကျပ် ၂၀၀ လောက် မြင့်တက်လာခဲ့တာကိုတွေ့ရပြီး ဒီ့ထက် စျေးတက်လာပါက တက္ကစီ စီးနင်းခကို ထပ်မံမြှင့်ရမှာဖြစ်လို့ စီးမယ့်ခရီးသည် ရှိမှာမဟုတ်တော့ဘူးလို့ အငှားယာဉ်မောင်းတွေက ဆိုပါတယ်။
‘မနေ့က မနက်မှာ 92 တစ်လီတာ ၁၉၀၀ ကနေ ညနေကျတော့ ၂၃၀၀ ဖြစ်သွားတယ်။ ကားခက ဒီထက်ပိုတောင်းရင် စီးမယ့် ခရီးသည် ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့လည်း လျှောက်ပတ်ဆွဲလို့ မကိုက်တော့လို့ ဂိတ်ပဲထိုးထားနေရတာလေ’ လို့ ဗိုလ်တစ်ထောင်က အငှားယာဉ်မောင်း ကိုစည်သူက ပြောပါတယ်။
တက္ကစီ စီးနင်းခတွေဟာ စက်သုံးဆီစျေး တစ်လီတာ ကျပ် ၂၀၀၀ ကျော်ဖြစ်လာခဲ့ချိန်မှာ ခရီးစဉ်လမ်းကြောင်းတစ်ခုအတွက် ပြေးဆွဲခ စျေးနှုန်း အရင်ကထက် အနည်းဆုံး ကျပ် ၂၀၀၀ လောက် ပိုလာခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တက္ကစီစီးရီးသည်တွေ ရှားပါးလာခဲ့ပြီး ဒီ့ထက် ကားခစျေးပိုမြင့်လာပါက ကားငှားစီးဖို့ မဖြစ်နိုင်တော့ဘူးလို့ တက္ကစီ ပုံမှန်စီးနေကြသူတွေက ပြောကြပါတယ်။
‘ အရင်ဆို သုဝဏ္ဏကနေ ပုဇွန်တောင်ကို ၃၀၀၀ အများဆုံးပဲ။ ဒီနေ့ ၅၀၀၀ တောင်းတယ်။ သူတို့ဘက်က အခက်အခဲကို နားလည်ပေမယ့် ကိုယ်ကလည်း ဘယ်လို တတ်နိုင်တော့မလဲ။ ဒီအတိုင်းဆို ကားငှားစီးမယ့်သူတောင် ရှိမှာမဟုတ်တော့ဘူး” လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ စက်သုံးဆီ ပြတ်မယ်ဆိုတဲ့ သတင်းကို စစ်အုပ်စုဘက်က ငြင်းဆိုထားပြီး အလုံအလောက် ရှိတယ်လို့ ဆိုထားပေမယ့် ဆီဆိုင်တွေကတော့ အကန့်အသတ်နဲ့သာ ရောင်းချနိုင်တာကို တွေ့ရပါတယ်။
မနေ့က စက်သုံးဆီဆိုင်တွေမှာ ရာနဲ့ချီတဲ့ ကားတန်းရှည်ကြီးတွေ ဖြစ်တဲ့အထိ တန်းစီဝယ်ယူတာတွေကို မကြုံစဖူး မြင်တွေ့ခဲ့ရပြီး ဒီကနေ့မှာလည်း မနက်အစောပိုင်းထဲက အလားတူ အခြေအနေတွေ ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။