အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ရပ်ဆိုင်း

photo-peace corps facebook
အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စေတနာ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းမယ်လို့ Peace Corps အမှုဆောင် အရာရှိချုပ် Carol Spahn က ကြေညာချက်ထုတ်ပြန်ကြောင်း VOA က ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်း အခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့တစ်ချိန်ချိန်မှာ Peace Corps လုပ်ငန်းတွေကို ပြန်လည်စတင်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်ကစပြီး လုပ်ငန်းတွေ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ ၂၀၂၀ ပြည့် မတ်လအထိ အင်္ဂလိပ်စာ သင်ကြားပို့ချပေးဖို့ စေတနာ့ဝန်ထမ်း ၈၇ ယောက် စေလွှတ်ခဲ့ပါတယ်။
Peace Corps စေတနာ့ဝန်ထမ်းအဖွဲ့ကြီးကို ၁၉၆၁ ခုနှစ်မှာ အမေရိကန် သမ္မတ ကနေဒီက ဖွဲ့စည်းပေးခဲ့တာပါ။