လေးကေ့ကော်မြို့သစ် တောင်ကုန်းတွေပေါ် တိုက်လေယာဉ်နဲ့ဗုံးကြဲ၊ ကော်ဘရာစစ်ကြောင်း ထိခိုက်မှုမရှိ

ဒီနေ့မနက်၁နာရီလောက်မှာ လေးကေ့ကော်မြို့သစ် အနီးရှိ တောင်ကုန်းတွေပေါ် အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ကော်ဘရာ စစ်သည်တော်တွေဟာ လူထုမေတ္တာကြောင့် ဘေးကင်းနေတယ်လို့ Cobra Column က ထုတ်ပြန်ပါတယ်။
ဧပြီ ၁၉ ရက်နေ့ မနက် ၁၂ နာရီကျော်ကလည်း တိုက်လေယာဉ်လို့ယူဆရတဲ့ လေယာဉ်တစ်စီး လေးကေ့ကော်ဘက် ဝဲပျံလာသလို ဧပြီ ၁၉ ရက်နေ့ မနက် ၆ နာရီခွဲကျော်မှာလည်း ကင်းထောက်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တစ်စီး ၇ ကြိမ်ထက်မနည်း ဝဲပျံလာတယ်လို့ Cobra Column က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၉ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်မှာ လေးကေ့ကော်အတွင်းရှိ ကော်ဘရာစစ်ကြောင်းရှိရာဘက်ကို အကြမ်းဖက်စစ်တပ်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်းရဲ့ အမြောက်စစ်သည်နဲ့ စနိုက်ပါစစ်သည်တို့က ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက Delta News Agency ကို ပြောပါတယ်။