လက်နက်တွေနဲ့ CDM ပြုလုပ်တဲ့ ထီးလင်းရဲတပ်ဖွဲ့ဝင်၂၀ ကျော်ကို လွတ်မြောက်နယ်မြေပို့ဆောင်မယ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းက လက်နက်နဲ့တကွ CDM ပြုလုပ်ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ကို PDF ထီးလင်းတပ်ဖွဲ့က လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ကျင်းနယ်မြေရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ PDF ထီးလင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို CDM လုပ်ဖို့ တောင်းဆိုခဲ့ရာ ရဲအများစုက လိုက်နာခဲ့ကြပေမယ့် ကျင်းရွာရဲစခန်း စခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးက လက်မခံဘဲ အကြမ်းဖက်စစ်တပ်ထံ ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရာ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး သွားတယ်လို့ Myanmar Police CDM Channel က မနေ့ညက ထုတ်ပြန်ပါတယ်။
စခန်းမှူးရဲ့ ဖုန်းဆက်တိုင်ကြားမှုကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကျင်းနယ်မြေရဲစခန်းကို သိမ်းပိုက်ခြင်းဟာ ယောနယ်အတွင်းမှာ ပထမဆုံး ရဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တခြားရဲစခန်းရှိတဲ့ ကျေးရွာတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ထီးလင်း PDF က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ကျင်းနယ်မြေရဲစခန်းကို အကြမ်းဖက်စစ်တပ် ကပစ ၂၄ က စစ်သားတွေကို ယာယီတာဝန်ချထားပေးပြီး မကွေးတိုင်း၊ ကျင်းနယ်မြေရဲစခန်းမှာ တာဝန်ကျလို့ ထွက်ခွာလာပြီဖြစ်တဲ့ တိုင်းအရန်ရဲတပ်ဖွဲ့ဝင်တွေဟာ ကြောက်လန့်နေကာ စိတ်ဓာတ်ကျနေကြကြောင်း Myanmar Police CDM Channel က ဆိုပါတယ်။