နေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊အယောက် ၂၀ သေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အယောက် ၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာက နေအိမ် ၇ လုံးကို မီးရှို့ပြီးပြန်လာစဉ် မြောင်း သစ်ကျေးရွာ ကင်မွန်းချုံကွေ့အရောက် မတ္တရာ PDF ၊နဂါးညီနောင်၊ MDY နဲ့ ဇာမဏီတို့က ဒီနေ့မနက် ၄ နာရီ ၁၈ မိနစ်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
မတ္တရာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဒီနေ့မနက် အစောကြီးကတည်းက မတ္တရာမြို့ပေါ်မှာ အကြမ်းဖက်စစ်သားတွေ ယောက်ယက်ခတ်နေတယ်လို့ ဆိုပါတယ်။
‘ပေါက်ကွဲသံကို မကြားပေမဲ့ မနက်ကတည်းက စခတွေ ယောက်ယက်ခတ်နေတော့ တစ်နေရာရာမှာ ခံခဲ့ရပြီဆိုတာ ခန့်မှန်းမိတာနဲ့ လိုက်စုံစမ်းကြည့်တော့ မိုင်းနဲ့တည့်တည့်တိုးမှန်းသိရတယ်၊ အသေအပျောက်လည်း များတယ်လို့ ကြားတယ်’ လို့ သူကပြောပါတယ်။