မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက မြို့အနှံ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၀ရက်နေ့ မနက်ပိုင်းမှစတင်ကာ ကားဆိုင်ကယ်တွေကိုပါ ရှာဖွေစစ်ဆေးနေပြီး ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“တစ်နေရာတည်းမှာ အထိုင်ချစစ်နေတာမျိုးတော့ မဟုတ်ဘူး၊ မိုဘိုင်းလ်သဘော စစ်နေတော့ နေရာအများကြီး စစ်နေသလို ဖြစ်နေတာ၊ နောက်ပြီး ကျုံးဘေးက သင်္ကြန်မဏ္ဍပ်ဆောက်နေတဲ့နားတွေလည်း ကင်းပုန်းတွေကော ပေါ်တင်ကင်းတွေကော ချထားတယ် “လို့ ဒေသခံတွေက ပြောပါတယ်။
၆၅ လမ်း၊ ၂၆ × ၂၇ လမ်းကြားမှာ လူငယ်နှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီးပြီး အိမ်စီးကားတစ်စီးပေါ်မှာလည်း ထိုးကြိတ်ခံထားရလို့ မျက်နှာဖူးယောင်နေတဲ့ လူငယ်တစ်ဦးကို တွေ့ရပါတယ်။ ဒါ့အပြင် ၂၂လမ်း၊ ၈၃ × ၈၄ လမ်းကြားမှာလည်း ဆိုင်ကယ်နှစ်စီးနဲ့ လူ သုံးယောက်ကို ဖုန်းပြပြီး လက်ထိပ်ခတ် ဂုတ်ဆွဲကာ ကားပေါ်တင်ခေါ်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ ညနေ ၃နာရီဝန်းကျင်လောက်က နန်းရှေ့ရေနီမြောင်းဘက် ၆၃×၂၂လမ်းအနီး ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်အုပ်စုနဲ့ ဆိုင်ကယ်စီးလူငယ်အချို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လိုက်လံဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မနေ့က ဧပြီလ ၉ရက်နေ့မှာလည်း လူငယ်အချို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေနဲ့ ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ သီးခြား အတည်ပြုမနိုင်သေးပါဘူး။
Credit- MFP
ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။