ရန်ကုန်-မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းတွေ ထက်ဝက်နီးပါး ဈေးတက်

Photo- Air KBZ
ရန်ကုန်-မြိတ်၊ ရန်ကုန်-ကော့သောင်း လေကြောင်းလိုင်း ခရီးစဉ်လက်မှတ်ခနှုန်းထားတွေဟာ ဧပြီလက စပြီး ခရီးစဉ်‌တွေအပေါ် မူတည်ကာ ထက်ဝက်နီးပါးဈေးတွေ တက်လာတယ်လို့ ခရီးသွားတွေက DNA ကိုပြောပါတယ်။
သင်္ကြန်မတိုင်ခင် မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေး တစ်သိန်းကျော်အထိ မြင့်တက်ခဲ့တယ်လို့ လေယာဉ်လက်မှတ် ရောင်းဝယ်ရေး ဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။
ရန်ကုန်-မြိတ် လေယာဉ်လတ်မှတ်ဈေးတွေဟာ မတ်လအတွင်း ကျပ် ၇၀,၀၀၀ ကျော် ၈၀,၀၀၀ နီးပါးရှိရာမှ အခု ဧပြီလတွင် ကျပ် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်း-ရန်ကုန် လေယာဉ် လက်မှတ်ဈေးနှုန်း‌တွေဟာလည်း မတ်လအတွင်းမှာ ကျပ် ၁၃၀,၀၀၀ ဝန်းကျင် ရှိနေရာက ဧပြီလ အတွင်း ကျပ် ၁၆၀,၀၀၀ အထိ မြင့်တက်လာတာဖြစ်ပါတယ်။
“လေယာဉ်လက်မှတ်ခဈေးတွေကတော့ အကုန်တက်တယ်။ ထားဝယ်နဲ့ ရန်ကုန်ဈေးလည်းတက်တယ်။ ကားနဲ့သွားတဲ့သူနည်းသွားတာလည်း ပါတယ်။”လို့ လေယာဉ်လက်မှတ်ရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်-မြိတ်၊ရန်ကုန်-ကော့သောင်း လေယာဉ်ခရီးစဉ်တွေကို Myanmar National Airline ၊ Air KBZ လေကြောင်းလိုင်းတွေက အဓိက ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။