ပေါက်မြို့နယ်မှာ ဗိုလ်ကြီး ၁ဦး အပါအဝင် စစ်အုပ်စုဝင် ၇ဦးကို လက်နက်တွေနဲ့ ဖမ်းဆီးရမိ

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဗိုလ်ကြီး ၁ဦးအပါဝင် စစ်သား ၇ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီလောက်မှာ JUSTICE RANGER အဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၅ဦးက ၂၂ဘီးကား ၃စီးကို ရှောင်တခင် တားဆီးစစ်ဆေးချိန်မှာ စစ်အုပ်စုဝင် ၇ဦးကို MA-3 သေနတ် ၇ လက်၊ ၅ ဒဿမ ၅၆ မမ ကျည် ၇၀၀ နီးပါးနဲ့ ဖုန်း ၁၀ လုံး တို့ကိုပါ သိမ်းဆည်းရမိခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားချိန်မှာ စစ်အုပ်စုဝင်တွေက ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကား ၃စီးထဲက ၂စီးကို ပေါက်မြို့နယ်နဲ့ ဝေးကွာတဲ့ လွတ်မြောက်နယ်မြေတစ်ခုမှာ မဟာမိတ်ညီနောင်တွေရဲ့ အကူအညီနဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ကားတစ်စီးကတော့ လမ်းခုလပ်မှာ ဘီးပေါက်သွားတာကြောင့် တောတွင်းတစ်နေရာမှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီကားကိုတော့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက တွေ့ရှိပြီး ပြန်လည်သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။