အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေအပေါ် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ မြန်မာပြည်သူတွေအတွက် ကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး မစ္စတာဒဲရစ်ချိုးလက်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ NUG အစိုးရဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အဖွဲ့တို့ တွေ့ဆုံစဉ် ဒဲရစ်ချိုးလက်က အဲဒီလိုပြောကြားခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒဲရစ်ချိုးလက်က မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ပိုမိုကူညီလုပ်ဆောင်မယ့်အကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရ၊ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် အမေရိကန်အစိုးရနဲ့ ဒေသအတွင်း မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းကာ မြန်မာနွေဦးတော်လှန်ရေးအတွက် ကူညီနိုင်မဲ့နည်းလမ်းတွေကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဧပြီ ၇ ရက်နေ့က ရေးသားထားပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်မှာလည်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။