သင်္ကြန်ပိတ်ရက် နေရပ်ပြန်သူတွေများတာကြောင့် ကားလမ်းတွေပိတ်နေ

သင်္ကြန်ပိတ်ရက်အတွင်း ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းကို နေရပ်ပြန်တဲ့ ခရီးသွားတွေ များပြားနေပြီး ရန်ကုန်-ပုသိမ် ကားလမ်းမကြီးတလျှောက် စစ်ဆေးရေးဂိတ်တွေအနီးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းအစောပိုင်းက စတင်ပြီး ရန်ကုန်မြို့ကနေ ထွက်ခွာနေတဲ့ မော်တော်ယာဉ်တွေများပြားနေခဲ့တာပါ။
“ပန်တိုင်နားမှာ အတော်ပိတ်တယ် အစောပိုင်းကားတွေကတော့ သိပ်မစောင့်လိုက်ရဘူး အခုတော့ နာရီနဲ့ကိုချီပြီး ကြာနေတယ်၊ ကားတွေမနည်းဘူး ရန်ကုန်ထဲ ကားကျန်သေးရဲ့လားလို့တောင် ထင်ရတယ်၊ စစ်ဆေးရေး ဂိတ်တွေနားမှာ အဓိကပိတ်နေတာ” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
နေရပ်ပြန်ပြည်သူတွေကို စစ်အုပ်စုက မှတ်ပုံတင်စစ်ဆေးမှုတွေ တင်းကြပ်နေပြီး မြို့နယ်အဝင်ဂိတ်အချို့မှာတော့ ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်စာရွက်တွေကိုပါ တောင်းခံနေတယ်လို့ သိရပါတယ်။
“မှတ်ပုံတင်ကို လူတိုင်းပြရတယ် မျက်နှာနဲ့တိုက်ပြီးတော့ စစ်တယ်၊ တချို့ကားတွေကို ပန်တိုင်ဂိတ်မှာ ဖွင့်ပြီးရှာတာပါလုပ်တယ်” လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။