ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပြည်သူ ၃ ဦးကို စစ်အုပ်စုက ပစ်ခတ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက်ရုံးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုက ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၈ ရက်နေ့ မနက် ၈ နာရီလောက်က ရဲမွန်တောင်ရပ်ကွက်ရုံးအနီးကို ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ အမျိုးသား ၃ ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူတို့ဟာ ရပ်ကွက်ရုံးကို ဖောက်ခွဲဖို့လာတဲ့ သူတွေဖြစ်တယ်လို့ စွပ်စွဲပြီး သတင်းဖြန့်ခဲ့ပါတယ်။
ရဲမွန်တောင်ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက မတ်လ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုက ဒီနေ့ပစ်ခတ်ခဲ့တဲ့ အမျိုးသား ၃ ဦးဟာ ဘယ်သူတွေဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။