ကိုလံဘီယာမှာ မိုးများပြီး ရေကြီးမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး

Photo – AFP

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဘက်က သတ္တုတွင်းစခန်းတခုမှာ မိုးသည်းသည်းမည်းမည်းရွာပြီး ရေကြီးလို့ လူ ၁၂ယောက်ထက်မနည်း သေဆုံးခဲ့ကာ နောက်ထပ် ၂ယောက်ပျောက်နေတယ်လို့ အာဏာပိုင်တွေက ဧပြီလ ၇ရက်နေ့မှာ ပြောပါတယ်။ 

El Porveni ရွှေတူးဖော်တဲ့နေရာမှာ ဧပြီလ ၆ရက်နေ့ ညပိုင်းက လုပ်သားတွေ ထမင်းစားနေချိန် ရုတ်တရက်ရေကြီးလာတာ ဖြစ်ပြီး လောလောဆယ် အလောင်း ၁၂လောင်းရထားတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ မနက်ပိုင်းအထိ ရာသီဥတုဆိုးရွားနေတာကြောင့် ပျောက်ဆုံးသူနှစ်ယောက်ကို ဆက်ရှာဖို့ နှောင့်နှေးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။ 

ကျေးရွာလမ်းတွေမှာ မြေပြိုကျမှုတွေကြောင့် ဖြတ်သန်းသွားလို့ မရဘဲ ဖြစ်နေပြီး နောက်ထပ်ရေကြီးတာနဲ့ မြစ်ရေလျှံလာနိုင်တဲ့ အန္တရာယ်ကြောင့် အနီးကရွာမှာနေထိုင်တဲ့ မိသားစု ၂၀ကျော်ကိုလည်း ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ကြရပါတယ်။ 

သမ္မတ Ivan Duque က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ကိုလံဘီယာနိုင်ငံ Antioquia ဒေသမှာ အခုနှစ် မိုးရာသီအတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၇ဦးရှိခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေဆီက သိရပါတယ်။