တာဟန်းပင်မသပိတ်ခံတပ်ကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တစ်နှစ်ပြည့်အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ PDF Kalay တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်အုပ်စုကို ၂ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးခန့် သေဆုံးသွားခဲ့တယ်လို့ PDF Kalayက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၇ရက်နေ့ မနက် ၇နာရီလောက်မှာ ကလေးတက္ကသိုလ်မုဒ်ဦးအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အတွင်းကနေ လမ်းမပေါ်ကို ထွက်လာတဲ့ စစ်အုပ်စုကို PDF Kalayက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေကို ဖောက်ခွဲကာ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုက ၃ဦးခန့်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မနက် ၁၀နာရီခန့်မှာ ကလေးတက္ကသိုလ်ဘက်ကနေ ကလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ကား၂စီးကို ကြို့သုံးပင်ရပ်ကွက်အနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုက ၃ဦးသေဆုံးကာ ကား၂စီးလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ဆံထိမှန် အသက်ဆုံးပါးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုဟာ ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PDF Kalayက ဖော်ပြထားပါတယ်။