အသက် ၄ နှစ်အရွယ် ကလေးငယ်ကို အလုံမြို့နယ်က မူကြိုကျောင်းထဲ အကြမ်းဖက်စစ်တပ်က ဝင်ရောက် ဖမ်းဆီးဓားစားခံလုပ်တဲ့အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖွင့်ချခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဧပြီ ၇ ရက်နေ့က ကျင်းပတဲ့ ယူကရိန်းနိုင်ငံ အခြေအနေနဲ့ စပ်လျဉ်းတဲ့ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မူကြိုကျောင်းထဲ အတင်းဝင်ရောက်ကာ ကလေးတွေနဲ့ ဆရာ/ဆရာမတွေကို ဒူးထောက်စေခဲ့ပြီးနောက် အသက် (၄) နှစ်အရွယ်ကလေး မောင်ဘုန်းသန့်ဝေယံကို ဖမ်းဆီးခဲ့ပါတယ်။
ကလေးရဲ့မိဘဖြစ်သူတွေဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ စစ်တပ်ဆန့်ကျင်ရေးမှာ ပါဝင်သူတွေအဖြစ် ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်ရာ အသက် (၄) နှစ် အရွယ်ကလေးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အဲဒီလို လူမဆန်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အချိန်မီ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်းသံအမတ်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ လျော့နည်းသွားခြင်း မရှိပေမယ့် ပြစ်မှုကျူးလွန်သူတွေဟာ သူတို့ပြစ်ဒဏ်ချမှတ်ခံရမှာ မဟုတ်ဘူးလို့ သိရှိထားတဲ့အတွက် သူတို့ရဲ့လုပ်ရပ်တွေ ရပ်တန့်မှာမဟုတ်ကြောင်းလည်း ပြောပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ဘယ်သူမဆို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး အပါအဝင် တရားစီရင်ရေး ယန္တရားတွေအောက်မှာ တာဝန်ခံမှုရှိရမှာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထောက်ခံမှုပြုဖို့ တိုက်တွန်းကြောင်းလည်းဆိုပါတယ်။
တရားမဝင် စစ်တပ်အာဏာရှင်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ ယူကရိန်းပြည်သူတွေရဲ့ စစ်ဘေးသင့် ပုံရိပ်တွေအပေါ် ကိုယ်ချင်းစာနာမိကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယူကရိန်းပုံရိပ်တွေကြောင့် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအနက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ကနီမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ခရစ္စမတ် အကြိုနေ့၊ ဖရူဆိုမြို့နယ် အတွင်းလူမဆန်တဲ့ သတ်ဖြတ်မှု၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ မတူပီမြို့နယ်မှာ အဓမ္မဖမ်းဆီးခြင်းနဲ့ ရိုက်နှက်သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးခြင်းနဲ့ပြည်သူ့အိုးအိမ်ပစ္စည်းတွေ ဖျက်ဆီးခြင်း စတာတွေကို ထပ်လောင်း သတိရစေကြောင်း၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေနဲ့ တခြားကျွမ်းကျင်သူတွေက အဲဒီပြစ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်နိုင်တယ်လို့ ကောက်ချက်ချထားကြောင်းလည်းသံအမတ်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ထပ်တလဲလဲ တောင်းဆိုချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှု ချက်ချင်းရပ်တန့်ရေးကို မြန်မာနိုင်ငံက ထပ်လောင်းတောင်းဆိုကြောင်း ပြောကြားခဲ့သလို မြန်မာပြည်သူတွေအနေနဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအခြေအနေနဲ့ စပ်လျဉ်းတဲ့ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးမှာ တင်သွင်းတဲ့ ယူကရိန်းနိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရုရှားဖယ်ဒရေးရှင်းကို ဆိုင်းငံ့ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ကာ ထောက်ခံမဲပေးခဲ့ပါတယ်။
အဲဒီမူကြမ်းကို ထောက်ခံမဲ (၉၃) မဲ၊ ကန့်ကွက်မဲ (၂၄) မဲ၊ ကြားနေမဲ (၅၈) မဲနဲ့ အတည်ပြုခဲ့ပါတယ်။