အကြမ်းဖက်စစ်တပ်လက်ချက် ရေလယ်ကျွန်း ပြည်သူ ၆ ဦးကျဆုံး၊ အိမ် ၈၄ လုံး ပြာကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးသွားတဲ့ပြည်သူ ၆ ဦးရှိပြီး အိမ် ၈၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဧပြီ ၂ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၆ ရက်နေ့အထိ စာရင်းအရ ၆ ဦးကျဆုံး၊ အိမ် ၈၄ လုံးနဲ့ စာကြည့်တိုက်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကျဆုံးပြည်သူ ၆ ဦးမှာ ဦးမြင့် (၆၂နှစ်)- မီးလောင်ကျွန်းကျေးရွာ၊ ဒေါ်စီ (၄၂နှစ်)-ကျောက်ဖူးကျေးရွာ ဦးဉာဏ်ထွန်း (၆၅နှစ်)- မဲကုန်းကျေးရွာ၊ ဒေါ်မြမွေး (အသက်၅၀ကျော်)- ခြံယာကျေးရွာ၊ ဒေါ်ခင်မာဌေး (အသက်၅၀ကျော်)- ငတရော်ကျေးရွာနဲ့ ကိုဝေဖြိုးအောင် (အသက်၂၀)-သောင်ရှေ့ကျေးရွာတို့ ဖြစ်ပါတယ်။
ရေစကြိုမြို့၊ ၅ ရပ်ကွက်နေ ပြည်သူတစ်ဦးက ‘ဘာလို့သတ်သလဲဆိုတော့ သတ်ချင်လို့သတ်တယ်လို့ပဲ ပြောရမယ်ထင်တယ်။ စစ်ခွေးတွေ သူတို့စိတ်ထဲ ဘဝင်မကျတာနဲ့ လူတွေကို ပုရွတ်ဆိတ်တွေလို အလွယ်တကူသတ်ပစ်တာ’ လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသူ တချို့ရှိပြီး ဘယ်သူလဲဆိုတာကို မသိရသေးပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ မီးလောင်ကျွန်းရွာမှာ အိမ် ၁၀ လုံး၊ ဖြုံဘူး ရွာမှာ ၅၆ လုံး၊ မိဖုရားရွာမှာ ၂ လုံး၊ ဘိုကုန်းရွာမှာ ၁ လုံး၊ တောင်ကုန်းရွာမှာ ၇ လုံး၊ လှေခုတ်ရွာမှာ ၆ လုံးနဲ့ စာကြည့်တိုက် တစ်ဆောင်နဲ့ ခြံယာရွာမှာ ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဆုံးရှုံးမှုတန်းဖိုး အတိကျကိုတော့ တွတ်ချက်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။