ပြည်မှာ သင်္ကြန်ဖြစ်မြောက်ရေး ရပ်ကွက်တွေထဲ ငွေတောင်းခံ

ပဲခူးတိုင်း၊ ပြည်မြို့မှာ အကြမ်းဖက်စစ်တပ် ပြုလုပ်မယ့်သင်္ကြန်အတွက် ငွေကြေးထည့်ဝင်ပေးကြဖို့ ရပ်ကွက် အတွင်း ငွေကြေးတတ်နိုင်တဲ့ အိမ်တွေကို စာပေးပို့နေကြောင်း သိရပါတယ်။
ပြည်မြို့၊ ရွာဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းငွေကြေးအဆင်ပြေတဲ့ အိမ်တွေထံ သင်္ကြန်ယိမ်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျပ်ငါးသောင်း ပံ့ပိုးပေးဖို့ အကူအညီတောင်းခံထားတဲ့စာကို Pyay Underground News (PUGN) က ဖော်ပြထားပါတယ်။
‘ပိုက်ဆံအတောင်းခံရတဲ့ အိမ်တွေက ပိုက်ဆံမထည့်ရင် ရန်ရှာခံရမှာကြောက်ပြီး ထည့်နေရတယ်။သူတို့ ပိုက်ဆံတောင်းတာ မပေးရင် ဘယ်လိုအရေးယူမယ်လို့ မပါပေမဲ့ အထက်က ညွှန်ကြားလို့ အလှူငွေကောက်တာပါဆိုပြီး ပြောတယ်လေ။ အဲဒီလို မသိမသာ ခြိမ်းခြောက်ပြီး ငွေကောက်နေတာ’ လို့ ပြည်တက္ကသိုလ်အနီးနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းကို ရပ်ကွက်အတွင်း ပိုက်ဆံကောက်ကာ ကိုယ့်ဘာသာကုန်ကျစရိတ်ရှာပြီး ထွက်ဖို့နဲ့ ကုန်ကျစရိတ်ထက် အလှူငွေပိုရပါက ကိုယ့်ဘာသာယူကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးက နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောကြောင်း သူကပြောပါတယ်။
‘မြို့နယ်အဆင့်ကလည်း မြို့နယ်အဆင့် သူဌေးတွေဆီက ပတ်အလှူခံနေတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ မကင်းတဲ့ စီးပွားရေးသမားတွေဆို ရပ်ကွက်အုပ်ကြီးက လာတောင်းလည်းထည့်ရ၊ မြို့နယ်ကတောင်းလည်းထည့်ရ၊ ရဲက လာတောင်းလည်း ထည့်ရပဲ။ မြို့နယ်အဆင့်ကလည်း မဏ္ဍပ်ထဲ စစ်ခွေးတွေလာရင် အရက်တိုက်ရမယ်ဆိုပြီး ငွေရှာနေတာ’ လို့ သူကဆက်ပြောပါတယ်။