ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့ ရိုးမပတ်လမ်းအတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ ရိုးမပတ်လမ်းကနေ အင်အား ၅၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မရိုးခုံကျေးရွာ မြောက်ဘက် စိန်တောင်လမ်းမှာ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃တပ်စုမှူး စနိုက်ပါ ဦးဆောင်တဲ့ YPDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။