သက္ကလ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦး ကျည်ထိမှန်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦးဟာ အကြမ်းဖက်စစ်သားရဲ့လက်ချက်နဲ့ ကျည်ထိမှန်ကာ ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီ ၃၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ ၁၀ တန်းစာမေးပွဲဖြေနေတဲ့ ကျောင်းသားကို လာစောင့်နေသူ ကျောင်းသားမိခင်တစ်ဦးဖြစ်ပြီး ခြေထောက်ထိမှန်ဒဏ်ရာရကာ သက္ကလတိုက်နယ်ဆေးရုံ တင်ထားရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ Kawa Information က ဖော်ပြပါတယ်။
‘သက္ကလမြို့မ စံပြရပ်ကွက်က အထက်တန်းကျောင်းရှေ့နားမှာပါ။ အဲမှာ စောင့်နေတဲ့ စစ်ခွေးလား၊ ရဲလားတော့ မသိဘူး။လက်ကမြင်းပြီး သူကိုင်ထားတဲ့သေနတ်ကို ကလိနေတုန်း ကျည်ထွက်သွားတာ’ လို့ သက္ကလမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
အဲဒီကျောင်းရှေ့နားမှာ အကြမ်းဖက်စစ်သားနဲ့ရဲ ၁၀ ယောက်လောက် စောင့်နေတယ်လို့ သူကပြောပါတယ်။သေနတ်ထိမှန်တဲ့ အမျိုးသမီးရဲ့ အခြေအနေကို မသိရသေးဘူးလို့ Kawa Information က ဆိုပါတယ်။